|

ယခင်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန်ဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူစာချုပ် ပေါ်ပေါက်လာရေးအတွက် လှုပ်ရှားလျက်ရှိပါတယ်၊ ဒီကိစ္စနဲ့စပ်လျဉ်းပြီး နိုင်ငံတကာမှ စိတ်ဝင်တစားမေးမြန်းကြတဲ့ မေးခွန်းတွေအပေါ် ကိုဖီအန်နန်ရဲ့ ဖြေ ကြားချက်များကို တင်ဆက်လိုက်ပါတယ်။
မေး။ ။ရာသီဥတုဖောက်ပြန်မှုကို တိုက်ဖျက်ရာမှာ ကျိုတိုသဘောတူစာချုပ် (Kyoto Protocol) ဟာထိရောက်မှုရှိပါသလား။ (Eduardo Chikui, SAO PAULO, BRAZIL)
ဖြေ။ ။ရာသီဥတုပြောင်းလဲမှုကို လူတွေသိလာစေဖို့ကူညီရာမှာ ထိရောက်မှုရှိပါတယ်။ သိသာထင်ရှားတာက ကျိုတိုသဘောတူညီချက်ပါ အချက်တွေအားလုံးကို ကျွန်တော်တို့ ပြီးမြောက်အောင်မြင်ပြီးပြီလို့ ဟန်ဆောင်လို့မရဘူး ဆိုတာပါပဲ။ သို့ပေမယ် ဒီကိစ္စကို လူတွေသိလာကြတယ်၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို တွန်းလှန်ဖို့ ခြေလှမ်းမပြင်ကြဘူးဆိုရင် ဆိုးဝါးပြင်းထန်ပြီး ပြန်ပြင်ဖို့မဖြစ်နိုင်တဲ့ အကျိုးဆက်တွေ ဖြစ်ပွားလာမယ်ဆိုတာ လူတွေနားလည်လာကြပါတယ်။
မေး။ ။ကမ္ဘာကြီးပူနွေးလာမှုကို တွန်းလှန်ရာမှာ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုတွေဟာ လုံလောက်မှုရှိတယ်လို့ထင်ပါသလား။ (Sothyreak Pheng, MINNEAPOLIS)
ဖြေ။ ။ကျွန်တော်မထင်ပါဘူး။ ဒါကြောင့် စွမ်းအင်နဲ့ လူတိုင်းရဲ့ ပါဝင်ဆောင်ရွက်မှုကို ကျွန်တော်တို့လိုအပ်တာဖြစ်ပါတယ်။ ဒါကျွန်တော်တို့ရဲ့ ဂြိုလ်ကမ္ဘာပါ။ ဒီကိစ္စကို ခေါင်းဆောင်တွေသာ လုပ်ဆောင်ရမယ့်အရာလို့ သတ်မှတ်လို့မရပါဘူး။
မေး။ ။လူသားတွေရဲ့ ပယောဂကြောင့် အန္တရာယ်ရှိတဲ့ ကမ္ဘာကြီးပူနွေးလာမှု ဖြစ်ပေါ်လာတယ်ဆိုတာ အထောက်အထားပြနိုင်မလား။ (Richard Treadgold, AUCKLAND)
ဖြေ။ ။ကမ္ဘာကြီးပူနွေးလာခြင်းဆိုင်ရာ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး ထိပ်တန်း သိပ္ပံပညာရှင်တွေရဲ့ ဘုံအယူအဆတစ်ရပ်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ၂၀၅၀ပြည့်နှစ်ထက်နောက်မကျဘဲ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ထက်ဝက်လျှော့ချဖို့ လိုအပ်ကြောင်း ကျယ်ကျယ်ပြန့် ပြန့် သဘောတူလက်ခံထားကြပါတယ်။
မေး။ ။ကမ္ဘာကြီးပူနွေးလာမှုနဲ့ ဆင်းရဲမွဲတေမှုကြားမှာ ဘယ်လိုဆက်စပ်မှုမျိုးရှိတယ်လို့ထင်ပါသလဲ။ (Paulette Donald, LOS ANGELES)
ဖြေ။ ။ကမ္ဘာကြီးပူနွေးလာခြင်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် တကယ်ပဲ ထိခိုက်စေပါတယ်။ တစ်ချို့လယ်သမားတွေအနေနဲ့ သူတို့ ရဲ့ မိဘဘိုးဘွားတွေကိုထမင်းကျွေးခဲ့တဲ့ လယ်ယာမြေတွေဟာ ခုအခါ ကန္တာရနီးပါးဖြစ်သွားတာကြောင့် ဆက်လက်ထွန်ယက် စိုက်ပျိုးလို့မရတော့ တာတွေ ရှိလာပါတယ်။ မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲလာခြင်းနဲ့အတူ အစားအစာထုတ်လုပ်မှုပိုင်းမှာ ကြီးမားတဲ့ပြဿနာရှိပါတယ်။ ရောဂါပိုးမွှားတွေ ကူးစက်မှုဟာ ပိုပြီးမြန်ဆန်ပျံ့နှံ့လာပါတယ်။ ဒါတွေအားလုံးဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတာတွေပါပဲ။
မေး။ ။ခင်ဗျားတာဝန်ထမ်းဆောင်တဲ့ကာလအတွင်းမှာ ကုလသမဂ္ဂရဲ့ အကြီးမားဆုံးအောင်မြင်မှုကဘယ်အရာကို ထင်ပါသလဲ။ (Stephen Ntsoane, GA-MPHANLELE, SOUTH AFRICA)
ဖြေ။ ။ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနဲ့ ဖွံ့ဖြိုးရေးရည်မှန်းချက်တွေ ချမှတ်ရာမှာ သဘောတူညီမှုရဖို့ နိုင်ငံခေါင်းဆောင်းတွေကို စည်းရုံးနိုင်ခဲ့တဲ့အချက်ပါပဲ။ ပထမဆုံးအကြိမ်အဖြစ် ဖွံ့ဖြိုးရေးအတွက် အားလုံးသဘောတူညီတဲ့ လုပ်ငန်းစဉ်တစ်ရပ် ချမှတ်နိုင်ခဲ့ပါတယ်။
မေး။ ။ခင်းဗျားတာဝန်ထမ်းဆောင်တဲ့အချိန်အတွင်းမှာ ယူအဲ(င်)(န်)ရဲ့ အကြီးမားဆုံးကျရှုံးမှုက ဘာဖြစ်ပါသလဲ။ (Heather Wright, PETROLIA,ONT.)
ဖြေ။ ။အီရတ်စစ်ပွဲကိုမတားဆီးနိုင်ခဲ့တာဟာ ကျွန်တော်တို့ရဲ့ ကျရှုံးမှုပါပဲ။ ဒါဟာဆိုးဝါးပြင်းထန်တဲ့ အရာတစ်ခုဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့သိခဲ့ပါတယ်။ တားဖို့လည်း အပြင်းအထန်ကြိုးပမ်းခဲ့ပါတယ်။ ဒီစစ်ပွဲရဲ့ရလဒ်အကျိုးဆက်တွေကတော့ အားလုံးတွေ့မြင်ပြီးတဲ့အတိုင်းပါပဲ။
မေး။ ။ဒါဖာလိုအခြေနေမျိုးမှာ စစ်ရေးအရဝင်ရောက်အရေးယူဖို့ ကုလသမဂ္ဂကို အခွင့်အာဏာပေးသင့်တယ်လို့ ထင်ပါသလား။ (Dan Quigley, HOPKINTON, MASS.)
ဖြေ။ ။အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အသင့်အနေအထားစစ်တပ်တစ်တပ် ယူအဲင်(န်)ကိုပေးဖို့ အဆင်သင့်ဖြစ်မဖြစ် ကျွန်တော်အသေအချာ မပြောနိုင်ပါဘူး။ ဒါဖာမှာ ယူအဲင်(န်)က လုပ်ငန်းတွေလုပ်ဆောင်နေတဲ့နှစ်နှစ်အတွင်း အဖွဲ့ဝင်နိုင်ငံတွေကို ရဟတ်ယာဉ်(၁၈)စင်း တောင်းခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေက သူတို့မှာမရှိဘူးလို့ ဖြေကြတယ်။ တစ်ကမ္ဘာလုံး ရဟတ်ယာဉ် (၁၈)စင်းတောင် မထုတ်လုပ်နိုင်ဘူးလို့တော့ ဟန်ဆောင်လို့မရပါဘူး။ ဒါက ပေးချင်စိတ်ရှိမရှိဆိုတာကို ပြနေတာပါပဲ။ ခင်ဗျားအနေနဲ့ ယူအဲင်(န်)စစ်တပ်တစ်တပ်တွေ့မြင်ရလိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး။
မေး။ ။လာမယ့်ဆယ်စုနှစ်အတွင်းမှာ ယူအဲင်(န်)အတွက် အကြီးမားဆုံးကိစ္စတွေက ဘာတွေလို့ထင်ပါသလဲ။ (Monica Mihai,S YDNEY)
ဖြေ။ ။အလွန်အမင်းဆင်းရဲမွဲတေမှုနဲ့ အကြီးအကျယ်ကြွယ်ဝချမ်းသာမှု အတူယှဉ်တွဲနေရင် ကမ္ဘာကြီးဟာ ရေရှည်မှာ မလွယ်ပါဘူး။ ဘယ်နိုင်ငံမှ တစ်နိုင်ငံတည်းဖြေရှင်းလို့မရတဲ့ ရာဇဝတ်မှု၊ နယူကလီးယားလက်နက်တွေ၊ ရောဂါပိုးမွှားတွေနဲ့ဝက်တုပ်ကွေးလိုပြဿနာတွေကို ကျွန်တော် တို့ ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ် ။ ဘုံအကျိုးစီးပွားနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို အားလုံးပါဝင်ဆောင်ရွက်လာအောင် အစိုးရတွေကိုကျွန်တော်တို့ ဘယ်လိုစည်းရုံးမလဲ။ ငွေကြေးအကြပ်အတည်းကာလအတွင်းမှာတော့ ဒီလိုအားလုံးစုပေါင်းလုပ်ဆောင်ကြတာ နည်းနည်း တွေ့ရပါ
တယ်။ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေတဲ့အနေအထားက သူတို့ကို စုစည်းပေးခဲ့တာပဲဖြစ်တယ်။ ခုဆိုရင် တစ်ချို့က အကြပ်အတည်းကရုန်းထွက်နိုင်ပြီလို့ပြောပြီး ရှေ့ဆက်သွားဖို့ပဲ စိုင်းပြင်းနေကြတယ်။ ကျွန်တော်တို့ဟာ ကိုယ့်အမျိုးသားအကျိုးစီးပွားကိုသာ ကာကွယ်ဖို့ဆိုတဲ့ အကျင့် ဟောင်းတွေထဲမှာပဲ တဝဲလည်လည်ရှိနေကြတုန်းပါ။
မေး။ ။သမ္မတဘာရက်(ခ်)အိုဘားမားက ယူအက်(စ်)အပေါ် ကမ္ဘာကြီးရဲ့ အမြင်ကို ပြောင်းလဲလာစေမယ်လို့ထင်ပါသလား။ (Faizan Syed, COPENHAGEN)
ဖြေ။ ။သမ္မတအိုဘားမားဟာ သိပ်ကိုအစကောင်းခဲ့ပြီလို့ ကျွန်တော်ထင်တယ်။ တစ်ကမ္ဘာလုံးသူ့ကိုထောက်ခံတာ၊ စေတနာထားတာတွေအများကြီးပါပဲ။ သူ့အနေနဲ့ အမေရိကန်နိုင်ငံအတွင်းမှာရော ပြည်ပမှာပါ အလွန်ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိပါတယ်။ သူအောင်မြင်မှုရဖို့ ကျွန်တော် တို့အားလုံး သူ့ကိုကူညီရမယ်လို့ ကျွန်တော်ထင်ပါတယ်။ မျော်လင့်ချက်တွေ လျှော့ချခြင်းအားဖြင့် ကျွန်တော်တို့စတင်ကူညီလို့ရတယ်။ မြင့်မားတဲ့မျော်လင့်ချက်တွေက နိုင်ငံရေသမားတွေကို အခက်အခဲများစွာဖြစ်စေပါတယ်။
မေး။ ။တစ်စုံတစ်ယောက်ဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ (Jose Francisco Cruz, MANILA)
ဖြေ။ ။မတော်တဆပေါ့ဗျာ။
မင်းသက်စံ
Ref:TIME Magazine |